PARAMI and Monastic Education Conference at Ho-Pone

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့တွင်ကျင်းပသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ဘ/က)ကျောင်းများ ညီလာခံမှ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း မေ ၃၁ ရက် ညီလာခံသဘောထား ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါညီလာခံတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ သြ၀ါဒဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကွန်ရက် ဖွဲ့စည်းရန် ဆုံးဖြတ်ချက်ကိုပါ တစ်ပါတည်းဆုံးဖြတ်ခဲ့ကြသည်။

ဘုန်းတော်ကြီးသင်ပညာရေး ကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဖောင်တော်ဦးဆရာတော် ဘဒ္ဒန္တနာယက က “တွေ့ဆုံပွဲမှ ဆုံးဖြတ်ချက်တွေဖြစ်လာဖို့ ရာခိုင်နှုန်းများပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းက အခက်အခဲတွေကြားမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖြစ်လာဖို့ စခဲ့ရတာမို့ ဖြစ်လာဖို့အများကြီးရှိပါတယ်” ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် မိန့်ကြားခဲ့သည်။

အဆိုပါညီလာခံတွင် ကျောင်းအုပ်ဆရာတော်များ၏ အခန်းကဏ္ဍ၊ အရည်အသွေး ပြည့်မီသော ပညာရရှိနိုင်သည့် စစ်ဆေးအကဲဖြတ်မှုများ၊ ဘ/ကကျောင်းများတွင် တွေ့ရှိရသည့် စိန်ခေါ်မှုများ၊ ပြောင်းလဲနေသော ပညာရေးအပေါ် ကျောင်းအုပ်ဆရာတော်များ၏ အမြင်နှင့် သဘောထားများ၊ ဘ/ကကျောင်းများရှိ ဆရာ၊ ဆရာမများတွင် ရှိသင့်သော အရည်အချင်းများ၊ ကိုယ်စိတ်ကျန်းမာစေသော ဘာသာရပ်များနှင့် ဆက်လက်ပညာသင်ကြားနိုင်သော အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ဆရာတော်များက ဆွေးနွေးခဲ့ကြသည်။

အထက်တန်းကျောင်း (၆)ကျောင်းနှင့် အလယ်တန်းကျောင်း (၃၅)ကျောင်း ဖွင့်လှစ်ခွင့် ရရှိရေးအတွက် ၂၀၀၃ ခုနှစ်၊ မေလက ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားသော်လည်း ယနေ့အချိန်ထိ ဖွင့်လှစ်ခွင့် မရရှိသေးကြောင်း ဖောင်တော်ဦးဆရာတော်က ဆက်လက်မိန့်သည်။

ထို့ပြင် ဆက်လက်ပညာသင်ကြားနိုင်သော အခွင့်အလမ်းများ၊ ခေါင်းစဉ်တွင် ဆွေးနွေးသော ဘ/ကပညာရေးကောလိပ်များ ဖွင့်လှစ်ရန်အချက် ညီလာခံသဘောထား ထုတ်ပြန်ချက်တွင် မပါဝင်သော်လည်း မြန်မာတစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်တင်ရန်အတွက် အခါအားလျော်စွာ အရည်အသွေးမြှင့် သင်တန်းများ ဖွင့်လှစ်ရန်အချက်ကိုမူ အစည်းအဝေးကြီးမှ အတည်ပြုခဲ့သည်။

အဆိုပါညီလာခံကို မေ ၂၉ ရက်မှ မေ ၃၁ ရက်ထိ သုံးရက်ကြာ ကျင်းပခဲ့ပြီး နောင်တောင်းကျောင်းတိုက်နှင့် ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စုမှ ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း နောင်တောင်းကျောင်းတိုက်မှ ဆရာတော် ဦးရာဇိန္ဒသီရိက မိန့်သည်။ မူလက ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်များ တွေ့ဆုံပွဲဟု ကျင်းပခဲ့ရသော်လည်း နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် သြ၀ါဒစရိယ ဆရာတော်၊ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဘ/ကကျောင်းများမှ ဆရာတော်များ စုစုပေါင်း ၉၇၂ ပါးနှင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပအိုဝ်တိုင်းရင်း သားခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည့်အတွက် နိုင်ငံတော်အဆင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ညီလာခံဟု သတ်မှတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျေးလက်တောရွာများသာမက မြို့ပေါ် မြို့ကြီးပြကြီးမှာပင် ဆင်းရဲနွမ်းပါးသော ကလေးငယ်များ နေရာအနှံ့အပြားတွင် ရှိနေပြီး နေရာဒေသမရွေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွင့်လှစ်ရန် အမှန်ပင် လိုအပ်လျက်ရှိပါသည်” ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဘ/ကညီလာခံ ပထမနေ့တွင် ဆရာတော်များထံ လျှောက်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁၅၀၀ ကျော်ရှိပြီး ဆရာ၊ ဆရာမပေါင်း ၆၀၀၀ ကျော်ရှိကြောင်း၊ ဘ/ကကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားပေါင်း ၂၆၀၀၀၀ ခန့် ရှိလာပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဘ/က ညီလာခံတွင် ပြောကြားခဲ့သည်။

Source: WeeklyElevenNews_No33_Vol9_2-6-2014