လျှပ်စစ်စွမ်းအင်ကဏ္ဍကို ပံ့ပိုးကူညီမည့် ဓာတ်ငွေ့ရည် ပြည်ပမှရောက်ရှိ

အိမ်ထောင်စုတိုင်း ချက်ပြုတ်ရာတွင်အသုံးပြုနိုင်သည့် ဓာတ်ငွေ့ရည် (Liquified Petroleum Gas) တန်ချိန် ၁၈၀၀ သည် အင်ဒိုနီးရှားနိုင်ငံမှ ရန်ကုန်မြို့သို့  ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီက သန်လျှင်မြို့နယ်၊ အမှတ် ၁ ရေနံချက်စက်ရုံ MLT ဆိပ်ကမ်းသို့ M.T.SENNA 2 သင်္ဘောဖြင့် ရောက်ရှိလာသည်။ ရန်ကုန်မြို့ရှိ အိမ်ထောင်စု အများစုသည် လျှပ်စစ်စွမ်းအင်ဖြင့် ချက်ပြုတ်လျှက်ရှိရာ လျှပ်စစ်စွမ်းအင် လျှော့ချအသုံးပြုနိုင်ရေးအတွက် အထောက်အကူပြုမည့် LPG ဓာတ်ငွေ့ရည်ကို စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်ကြားမှုဖြင့် ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုက တစ်လလျှင် LPG ဓာတ်ငွေ့ရည်တန်ချိန် ၄၀၀၀ ပြည်ပမှတင်သွင်းပြီး ဖြန့်ဖြူးနိုင်ရန်အတွက် ပထမအသုတ်အဖြစ် တန်ချိန် ၁၈၀၀ ရောက်ရှိလာခြင်းဖြစ်သည်။

MLT Terminal
LPG ဓာတ်ငွေ့ရည် သုံးစွဲမှုမြှင့်တင်ရေးနှင့် ထင်း၊ မီးသွေး အစားထိုးလောင်စာအဖြစ် သုံးစွဲနိုင်ရေး ရည်ရွယ်ချက်ဖြင့် LPG ဓာတ်ငွေ့ရည်ကို ပြည်ပမှ တင်သွင်းပြီး ဖြန့်ဖြူးပေးမ ည်ဖြစ်သည်။ LPG ဓာတ်ငွေ့ရည် သင်္ဘောပေါ်မှ သယ်ဆောင် သိုလှောင်ထားရှိမှုကို ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုမှ ကြီးကြပ်ဆောင်ရွက်သည်။ LPG ဓာတ်ငွေ့ရည်ကို တစ်နှစ်လျှင် မြန်မာနိုင်ငံတွင် တန်ချိန် ၁ သိန်းခန့်သာ သုံးစွဲကြကြောင်းသိရသည်။

အောင်သူရ (မြန်မာ့အလင်းသတင်းစာ, 25 Dec 2017)