ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး

ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စု၏ လူမှုတာဝန်ယူမှု (CSR) အစီအစဉ်အရ စီစဉ်ကျင်းပသော “ဒုတိယအကြိမ် ဘုန်းတော်ကြီးသင် ပညာရေးညီလာခံ” အား ၂၀၁၅ ခုနှစ် မေလ ၁၉ မှ ၂၁ နေ့ ထိ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတ တပ်ဦးကျောင်း၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ထိုညီလာခံ ဖွင့်ပွဲနေ့တွင် နိုင်ငံတော် မဟာသံဃ နာယက ဆရာတော်ကြီးများ ၊ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌဆရာတော်၊ မြန်မာနိုင်ငံ တ၀ှမ်းလုံးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာတော်များနှင့် သီလရှင် စုစုပေါင်း ၁၁၅၀၊ ဆရာ/ဆရာမ ၅၀၀ တို့နှင့်အတူ ဧည့်သည်တော်များအဖြစ် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးခွန်စံလွင်နှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ ပအိုဝ်း တိုင်းရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီ၊ ဒေသခံ တိုင်းရင်းသားများနှင့် သက်ဆိုင်ရာ ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

Conference

အထူးအစီအစဉ်အဖြစ် “ပထမအကြိမ် ဘုန်းတော်ကြီးသင် ပညာရေးညီလာခံ” အောင်ပွဲ အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့သည့် မော်ကွန်းကျောက်စာတိုင်အား နိုင်ငံတော် မဟာသံဃ နာယက ဆရာတော်ကြီးများနှင့် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဆရာတော်ကြီးများက မေတ္တာရေစင် ပက်ဖြန်း ဖွင့်လှစ် ပေးတော်မူခဲ့ကြပါသည်။

Monument

သုံးရက်ကြာ ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးညီလာခံမှ အချက် (၈) ချက်ပါ သဘောထား ကြေညာချက်ကို တညီတညွတ်တည်း ထုတ်ပြန်ခဲ့ပါသည်။ ထိုကဲ့သို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးညီလာခံ ကျင်းပနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံတ၀ှမ်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အသီးသီးမှ ဆရာတော်များနှင့် သီလရှင်များ စုံလင်စွာ တက်ရောက်ကာ ကြုံတွေ့နေကြရသော အခက်အခဲ၊ ပြည်တွင်းပြည်ပ အတွေ့အကြုံများနှင့် အခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ စသဖြင့် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခွင့် ရခဲ့ကြသဖြင့် ဘကပညာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေကြောင်း သိရှိရပါသည်။

Parami

ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စု၏ လူမှုတာဝန်ယူမှု (CSR) အစီအစဉ် မှ ပညာရေးကဏ္ဍတွင် ကျေးလက်ဒေသများ၌ ပညာရေးအတွက် အဓိက အားကိုး အားထား ပြုနေရဆဲဖြစ်သော ဘကပညာရေးခေါ် ဘုန်းတော်ကြီးသင် ပညာရေးကို ဦးစားပေး ပံ့ပိုးပေးလျက်ရှိရာ ဆရာတော်များ၏ မေတ္တာရပ်ခံ တောင်းဆိုချက်များအရ ယမန်နှစ်က ကျင်းပခဲ့သည့် “ပထမအကြိမ် ဘုန်းတော်ကြီးသင် ပညာရေးညီလာခံ” နည်းတူ “ဒုတိယအကြိမ် ဘုန်းတော်ကြီးသင် ပညာရေးညီလာခံ” အား ထပ်မံ ကျင်းပရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ကျင်းပရာတွင် ဘကပညာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေကြောင်း သိရှိရပါသဖြင့် ပါရမီ (CSR) အစီအစဉ်၏ အောင်မြင်မှုတစ်ရပ်အဖြစ် မှတ်တမ်းတင်ရမည် ဖြစ်ပါသည်။