ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် အကြား ကျေးရွာ ၄၂ ရွာသို့ MINI GRID ဖြင့် လျှပ်စစ်ပေး

ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြား ပင်မ လျှပ်စစ်ဓာတ်အားလိုင်းကြီးများ ရောက်ရှိရန် ခက်ခဲသည့် ကျေးရွာ ၄၂ ရွာသို့ Mini Grid ဖြင့် လျှပ်စစ်ပေးနိုင်မည့် စီမံကိန်း ယခုလကုန်စတင်မည်

Yaesagyo MoU

မကွေး နိုဝင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြား ပင်မ လျှပ်စစ်ဓာတ်အားလိုင်းကြီးများ ရောက်ရှိရန်ခက်ခဲသည့် ကျေးရွာ ၄၂ ရွာသို့ Mini Grid ဖြင့် လျှပ်စစ်ဖြန့်ဖြူးနိုင်မည့် စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများ ယခုနိုဝင်ဘာလကုန် စတင်မည်ဟု ပါရမီစွမ်းအင် ကုမ္ပဏီမှ (C.S.R) တာဝန်ခံ ဦးအောင်မျိုးရှိန်ထံမှ သိရသည်။

အဆိုပါ စီမံကိန်းကို ပြင်သစ်နိုင်ငံ EDF ကုမ္ပဏီနှင့် ပါရမီစွမ်းအင် ကုမ္ပဏီတို့ ပူးပေါင်း အကောင်အထည်ဖော်ရန် ၂၀၁၆ ခုနှစ်က မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် MoU လက်မှတ် ရေးထိုးခဲ့ကြောင်း၊ EDF ကုမ္ပဏီသည် ယင်းစီမံကိန်းတွင် မပါဝင်တော့သောကြောင့် ပါရမီစွမ်းအင် ကုမ္ပဏီနှင့် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့တို့ နိုဝင်ဘာ ၁၀ ရက်က MoU အသစ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Yaesagyo MoU

” ဒီစီမံကိန်းက မြစ်ကြီးနှစ်သွယ်ကြား ရောက်နေပြီး National Grid တွေ မရောက်နိုင်တဲ့ ဒေသမှာ ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ခဲ့တာပါ။ လုပ်ငန်းအတွက်က ရင်းနှီးမြှပ်နှံမှုကြီးပြီး အကျိုးအမြတ်နည်းပါတယ်။ ဒါပေမယ့် အကျိုးအမြတ်ကို မျှော်ပြီးလုပ်မှာ မဟုတ်ပါဘူး။ ဒေသဖွံ့ဖြိုးရေးအတွက် ဦးစားပေး ဆောင်ရွက်တာပါ။ ခုလို လုပ်ငန်းဆောင်ရွက်ခွင့်ကို ခွင့်ပြုပေးခဲ့တဲ့ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ခုချိန်က အခါမဲ့မိုးတွေလဲ ရွာထားသေးတော့ ပစ္စည်းတွေသယ်ယူဖို့ လမ်းပန်းဆက်သွယ်ရေးအတွက် စောင့်ဆိုင်းနေရပါတယ်။ အခု နိုဝင်ဘာလကုန်ပိုင်းမှာ လုပ်ငန်းစတင်ဖို့ စီစဉ်ထားပြီး အမြန်ဆုံး အကောင်အထည်ဖော်သွားမှာပါ ”ဟု ဦးအောင်မျိုးရှိန်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါ စီမံကိန်းအတွက် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းစီမံကိန်းတွင် လျှပ်စစ်ထုတ်လုပ်ရေးအတွက် ဆိုလာစနစ်ကို အဓိကအသုံးပြုမည် ဖြစ်သော်လည်း ဒီဇယ်မီးစက်ကြီးများဖြင့်လည်း ပူးတွဲ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်စတင် ဖြန့်ဖြူးနိုင်ချိန်တွင် အများနှင့်ဆိုင်သည့် ဘုန်းကြီးကျောင်း၊ ဆေးရုံ စသည့် ရုံးဌာနများကို အခမဲ့ လျှပ်စစ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။

 

အောင်သူငြိမ်း (Daily Eleven Newspaper: Nov 14, 2017)