ရေဘေးသင့် ပြည်သူများအတွက် ပါရမီစွမ်းအင်က ကူညီပေးလျက်ရှိ

ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုသည် ရေဘေးသင့် ပြည်သူများအား လိုအပ်သော အကူအညီများ ပေးနိုင်ရေးအတွက် ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များမှတဆင့် ထိရောက်စွာ ကူညီဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ကူညီရာတွင် ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စု၏ ပင်မ CSR အစီအစဉ်တစ်ခုဖြစ်သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရေရှည်တည်တံ့ရေး ကွန်ရက်အဖွဲ့ဖြစ်သော “ပညောဒယ” သို့ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၄)ရက်နေ့တွင် ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းပေးအပ်ခဲ့ပြီး၊ ထိုအဖွဲ့မှတဆင့် ရေဘေးသင့် ဒေသများရှိ ဘုန်းတော်ကြီးကျောင်းသို့ အချိန်နှင့် တပြေးညီ ကူညီပံ့ပိုးပေးလျက် ရှိပါသည်။

ထို့အပြင် စစ်ကိုင်းရှိ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC)မှတဆင့် ဒေါ်လာ ၁၀,၀၀၀ ကိုလည်း တဆက်တည်း မတည်လှူဒါန်း ပေးအပ်ခဲ့ပါသည်။ အဆိုပါ မတည်ငွေအား IBEC စီစဉ်မှုဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးဒဏ်သင့် ပြည်သူများ မှီခိုနေရသော ဘုန်းတော်ကြီးကျောင်းများသို့ လိုအပ်သလို တိုက်ရိုက်ပေးပို့ ကူညီသွားမည် ဖြစ်ပါသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၁)ခုအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကျယ်ပြန့် ထိရောက်စွာ ကူညီပေးနိုင်ရန်အတွက် Eleven Media မှတဆင့် ကျပ်သိန်းနှစ်ဆယ်အား ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့တွင်လည်းကောင်း၊ Tomorrow Media မှတဆင့် ကျပ်ငါးသိန်းနှင့် MOGSS မှတဆင့် ကျပ်သုံးသိန်း တို့အား ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့တွင်လည်းကောင်း သီးခြားလှူဒါန်းထားပြီး ဖြစ်ပါသည်။

ဧရာဝတီတိုင်းအတွင်းသို့ ကူညီကယ်ဆယ်ရေး သွားရောက်မည့် ပုဇွန်တောင်မြို့နယ်မှ လူမှုရေးအဖွဲ့အစည်းများ၏ အကူအညီတောင်းခံမှုအရ ကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရန်အတွက် ကျပ်သုံးသိန်းကိုလည်း လှူဒါန်းခဲ့ပါသည်။

အထက်ပါ ကူညီပံ့ပိုးမှုများအပြင် ရေဘေးအန္တရာယ် ကင်းရှင်းပြီးနောက် ပြန်လည် ထူထောင်ရေးကာလတွင် ပါရမီစွမ်းအင် ကုမ္ပဏီအုပ်စုအနေနှင့် ဒေသခံပြည်သူများ လိုအပ်သော အကူအညီများကို ဆက်လက်ပံ့ပိုး ပေးနိုင်ရေးအတွက်လည်း စီမံချက်များ ရေးဆွဲလျက်ရှိပါသည်။